Sunday, 30 October 2011

နှိပ်စက်သည့်ဒဏ်ကြောင့် အရှင်ဂမ္ဘီရ ကျန်းမာရေး ထိခိုက်နေ

နှိပ်စက်သည့်ဒဏ်ကြောင့် အရှင်ဂမ္ဘီရ ကျန်းမာရေး ထိခိုက်နေ
မိုးမခ အထောက်တော်၊ ရန်ကုန် အောက်တိုဘာ ၂၉၊ ၂၀၁၁
ရွှေဝါရောင် လှုပ်ရှားမှု၏ ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရသည် ခန္တီးထောင်တွင် နှိပ်စက်ရိုက်နှက်ခံ ရသည့် ဒဏ်ရာများကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ၂ ခုစလုံးတွင် ဆိုးဝါးစွာ ထိခိုက်ခံစားမှုများ ဖြစ်နေသဖြင့် ဆေးကုသရန်  အမြန်လိုအပ်ကြောင်း ဦးဂမ္ဘီရ၏ မိခင် ဒေါ်ရေးက ပြောကြားသည်။

“ပြန်လွတ်လာတဲ့လူတွေက ပြောပြမှ သေချာအကြောင်းစုံသိတာရယ်။ ရင်ထဲလဲမကောင်းဘူး။ ခန္တီးထောင်မှာ နေတုန်းက နေ့တိုင်းခေါင်းကိုရိုက်တယ်ထင်တယ်။ ညဆိုရင် ရောဂါက ပေါ်တယ်လို့ပြောတယ် ”ဟု အရှင်ဂမ္ဘီရ အား ထောင်ဝင်စာသွားတွေ့ ပြီးနောက် ၎င်းက ပြောသည်။
ယမန်နေ့က အရှင်ဂမ္ဘီရအား ထောင်ဝင်စာ လူချင်းတွေ့စဉ် စကားကောင်းမွန်စွာ ပြောဆိုပြီး မှာလိုသည်များကို မှာသည်ဟု သိရသည်။
“ ဦးဇင်းကို စာရေးပြီးထုတ်ထားလို့ ပြောခဲ့တယ်။ မယ်တော်စာဖတ်ချင်တယ်လို့ သူ့အတွေးအခေါ် သူ့အယူအဆတွေကို သိချင်တယ်” ဟု မိခင်ဒေါ်ရေးမှဆိုသည်။
ယခုအခါ ဆရာတော် ဦးဂမ္ဘီရအား ဆေးကုသခွင့်နှင့် အမြန်ဆုံး လွှတ်ပေးရန် နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ လူ့အခွင့်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ တရားရုံးချူပ်နှင့် ပြည်ထဲရေး ၊ ICRC များသို့ လိပ်မူကာ စာတင်ထားကြောင်း သိရသည်။
အရှင်ဂမ္ဘီရအား ကလေးအကျဉ်းထောင် အာဏာပိုင်များ ကုသပုံမှာ ကုသနည်းလွဲနေပြီး ယခင်ဒဏ်ရာဟောင်းအား မကုသပဲ ဒဏ်ရာဟောင်းကြောင့် ဖြစ်ပေါ်နေသော ရောဂါအား ခေတ္တ ပျောက်ကင်းစေသည့် မော်ဖိန်း ကဲ့သို့ ဆေးဝါးများထိုးကာ ဖြေရှင်းခဲ့သဖြင့် ရောဂါမှာ ပိုမိုဆိုးဝါးလာသည်ဟု အမဖြစ်သူ မခင်သူဌေးကလည်း ပြောသည်။
“ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပြောလို့မှ အပြည့်အစုံသိရတာ။ ဦးဇင်းက ရေငုံနှုတ်ပိတ်နေတယ်။ အရင်က ရိုက်ထားတာကြောင့် ခေါင်းထဲမှာ ပြည်တည်နေပြီလို့ထင်တာပဲ။ ကလေးကအေးတော့ ညဘက်အော်နေရတာကို ထောင်ကလူတွေက မော်ဖိန်းထိုး ဖြေရှင်းနေတော့ လူက ခဏနဲ့ အိပ်ပျော်သွားပေမဲ့ နိုးလာတော့ မလန်းဆန်းဘူးပေါ့။ သမ္မတကို လိပ်မူပြီး လက်ရေးနဲ့ရေး မှတ်ပုံတင်အမှတ်နဲ့ အမြန်ဆုံး ဆေးကုသဖို့နဲ့ လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်” လို့ အရှင်ဂမ္ဘီရ အစ်မဖြစ်သူ မခင်သူဌေးက ပြောသည်။

No comments:

Post a Comment