Wednesday, 16 November 2011

မန္တလေးဆန္ဒပြသံဃာတော်များ ဟောပြောရက်လျော့

ချင်းမိုင် (မဇ္ဈိမ) ။        ။ မန္တလေးမြို့တွင် ဆန္ဒပြနေသည့် သံဃာငါးပါးက မန္တလေးတိုင်း သံဃာ့နာယက ဥက္ကဌ ဆရာတော် အပါအဝင် ဆရာတော်ကြီး ၁ဝ ပါး၏ မေတ္တာရပ်ခံချက်ကြောင့် ဟောပြောမည့်ရက်ကို လျော့ချလိုက်
ကြောင်း သိရသည်။

“သူတို့ သုံးရက်ဆိုပြီး မူလက စီစဉ်ထားပေမယ့် စာသင်ကျောင်းတိုက်ဖြစ်တဲ့အတွက် အခြားသံဃာတွေရဲ့ စာသင်ကြားမှုတွေမှာ အခက်အခဲဖြစ်လာနိုင်တဲ့အတွက် အဲဒီ သုံးရက်လုံးမလုပ်ပဲ ဆရာတော်ကြီးတွေရဲ့ သြဝါဒအတိုင်း ဒီနေ့ တရက်ထဲ လုပ်မယ်ဆိုတာကို ရှင်းပြတယ်” ဟု သံဃာ အများစုပါဝင်သည့် ပရိတ်သတ် ၁၂ဝဝ ကျော်ထဲမှ ပရိသတ်တဦးက မဇ္ဈိမကို ပြောသည်။

ဆန္ဒပြသံဃာတော်များသည် မစိုးရိမ်တိုက်ဟောင်းတွင် နေ့လယ် ဆွမ်းဘုန်းပေးအပြီး ဆွမ်းစားဆောင်၌ပင် ဆရာတော်ကြီးများ၏ သြဝါဒကို ဒါယကာ၊ ဒါယိကာမ အယောက် ၂ဝ ကျော်နှင့် အရပ်ဝတ် ထောက်လှမ်းရေးများ
ရှေ့တွင် ၁၅ မိနစ်အကြာ ခံယူခဲ့ကြသည်။

“ညှိလိုက်တဲ့အခါမှာ ယေဘူယျအားဖြင့် သူတို့ လက်ခံတယ်ပေါ့” ဟု သြဝါဒပေးသည်ကို ကိုယ်တိုင်ကြားခဲ့သူ မြို့ခံက ဆိုသည်။

ပြည်တွင်းစစ်ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်း လွှတ်ပေးရေး တောင်းဆိုထားချက်များကို သမ္မတ ဦးသိန်းစိန်ထံ လိပ်မူ ပေးပို့ထားပြီး၊ မိတ္တူကို ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော် သံဃာ့ မဟာနာယကထံ ပို့ထားကြောင်းလည်း ဆန္ဒပြသံဃာတော်များက ပရိသတ်ကို အသိပေးခဲ့သည်။

“အဲဒီအပေါ်မှာ အခုကြွလာတဲ့ သံဃာတော်တွေ ဒါယကာ၊ ဒါယိကာမတွေ သဘောတူညီခြင်းရှိ၊ မရှိ မေးခွန်း
မေးပါတယ်။ အားလုံးက သဘောတူပါတယ်ဆိုပြီး ထောက်ခံမှု သုံးကြိမ်ပေးပါတယ်” ဟု ဟောပြောပွဲလာ ပရိသတ် တဦးက ဆက်ပြောသည်။

ဆန္ဒပြမှုကိုဦးဆောင်သော အရှင်သောပါက က အကျဉ်းကျနေသော သံဃာတော်အချို့ မကြာမီ လွတ်မြောက် လာလိမ့်မည်ဟု မျှော်လင့်ထားသည်ကို ပရိတ်သတ်ကို ထည့်သွင်းမိန့်ကြားခဲ့သည်ဟု သိရသည်။

မစိုးရိမ်ကျောင်းတိုက်ဟောင်းအတွင်းရှိ သုတ္တန္တနယူပဒေသ ကျောင်းဆောင်ရှေ့ ကွက်လပ်တွင် ပြုလုပ် ခဲ့သည့်
ဟောပြောပွဲကို မေတ္တသုတ်ရွတ်ဆိုပြီးနောက် ရွှေဝါရောင်တော်လှန်ရေးကာလ သံဃာတော်များ ရွတ်ဆိုခဲ့သည့် “လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ” “တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ” ဆိုသည့် ကဗျာကို ပရိတ်သတ်များနှင့် သံဃာငါးပါး စုပေါင်း ရွတ်ဆိုကြပြီး ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

No comments:

Post a Comment