Thursday, 24 November 2011

ဆရာဖေ၊ မန္တလေးဆောင်နှင့် ၈၈ အလွမ်းပြေ

ရန်ကုန်တက္ကသိုလ် ဘူမိဗေဒပါမောက္ခ (၁၉၉၈-၂၀၀၁)၊ ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာ ဖေမောင်သန်း (ဆရာဖေ) သည် ယနေ့ ၂၂၊ နိုဝင်ဘာ ၂၀၁၁ နေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဒီည ၁၀း ၀၀ နာရီမှ အွန်လိုင်းမက်ဆေ့မှတဆင့် ကျနော် ကြားသိရပါတယ်။
ဆရာဦးဖေမောင်သန်းကို ကျနော် ချစ်ခင်လေးစားခဲ့ရပါတယ်။

ဗိုလ်ခင်ညွန့်တို့၊ ဗိုလ်မျိုးညွန့် တို့ လက်ခမောင်းခတ် ဟုန်းဟုန်းထစဉ်ကာလမှာ ဆရာဖေနဲ့ ကျနော် ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒဌာနရှိရာ မန္တလေးဆောင်မှာ ဆရာတပည့် အနေအထားနဲ့ကြုံဆုံခွင့်ရခဲ့ပါတယ်။ ပင်မတက္ကသိုလ်ဝန်းထဲ ထောက်လှန်းရေးများစွာ ခြေချင်းထပ်နေချိန်မှာ ကျနော်တို့တတွေက “အရှည်ကြီးဆိုင်” မှာ အုပ်စုဖွဲ့ပြီး နိုင်ငံရေး၊ စာပေနဲ့ အနုပညာရပ်တွေအကြောင်း ဝေဖန်လေကန်ခဲ့ကြရင်း ကျောင်းသားဘ၀ကို စေးစေးပိုင်ပိုင် ရွေ့မျောခဲ့တဲ့အခိုက် ဆရာဖေ နဲ့ တွေ့ခဲ့ပါတယ်။
ထိုစဉ်က ညွန့်နှစ်ညွန့် မီးကုန်ယမ်းကုန် အာဏာမာန်တက်ပြီး ထင်ရာစိုင်းနေကြတဲ့အချိန် စိုက်ပျိုးရေးကဏ္ဍကို ပြည်သူ တွေ ဖိလုပ်ကြဖို့ (ဗိုလ်သန်းရွှေ.. ကြက်ဆူပင် အစ်ရှူးလို)၊ မြေကြီးတွေ့တာနဲ့ စိုက်ကြပျိုးကြနဲ့ တ၀ူးဝူးတ၀ါးဝါး ထ အော် ချိန်မှာ ဆရာဖေရဲ့အချဉ်ပေါက်ခဲ့ပုံဟာ ကျနော့်အတွက် ဘူမိသံယောဇဉ်ဆိုတာကို စတင် နှောင်တွယ်မိစေခဲ့တယ်။
“စိုက်…စိုက်နဲ့တွေ့ကရာ စိုက်လို့ရတယ် ထင်နေလား… ၀ရံတာက ပန်းအိုးသေးလေးထဲမှာ သီးပင်စားပင်တွေ သွားစိုက် လို့ ဖြစ်မလား… ” ဆိုတဲ့ စာသင်ခန်းထဲက ကျောင်းသားတွေကို ဘူမိပညာရပ်နဲ့နွယ်ပြီး ဆရာဖေ ဟောပြောပို့ချခဲ့တဲ့ ခဏ တာဟာ ကျနော့် ရင်ထဲ ဒုတ်ဒုတ်ထိခဲ့ရတယ်။ ဆရာဖေဟာ ကျနော့်ဆရာ ဖြစ်ခဲ့ပါတယ်။ တသက်တာ ဆရာ ဖြစ်ခဲ့ပါ တယ်။
ဒေါက်တာဖေမောင်သန်း
ဆရာဖေဟာ တခါတလေ.. ရုပ်ရှင်မင်းသားကြီး သုမောင်နဲ့ ဆင်သလိုလို၊ တခါတရံတော့ ကျနော် ဖတ်ခဲ့ဖူးတဲ့ နိုင်ငံရေး စာအုပ်တွေထဲက ဇာတ်လိုက်မင်းသားတွေနဲ့ ပုံသဏ္ဌာန် တူနေပြန်ပါရော…။ ပိန်ပိန်ပါးပါးနဲ့ ဆရာဖေ၊ ဆတ်တောက် ဆတ်တောက် ဆရာဖေ၊ လူနဲ့နေရာ လွဲမှားနေတဲ့ ဆရာဖေ…။ ဆရာဖေ… ဆုံးပြီပေါ့။
ကျနော့် အထင်… ဆရာဖေ့ အချိန်ဆို ကျောင်းသားတွေ အတန်းထဲ အပြေးလှမ်းကြတယ်။ ဆရာဖေ ဘာများ ဆိုဆုံးမ မလဲဆိုပြီး ပျင်းစရာကောင်းလှတဲ့ စာသင်ခန်းတွေဆီ စာသင်သားတွေ ခြေဦးလှည့်ကြတယ်။
နိုင်ငံရေးရယ်လို့ မဟုတ်ပါဘူး… ဆရာ့ရဲ့ ပညာရပ်ပို့ချမှုပဲ ဖြစ်ဖြစ်၊ နှီးနွယ်ရာ ရောက်တတ်ရာရာပဲဖြစ်ဖြစ် ဘာပြောမလဲ ဘာပြောတော့မလဲနဲ့ စောင့်စားနေရတဲ့ ကျနော်တို့ရယ်ပါ။
တရက်တော့… ကျနော်တို့အတန်းထဲမှာ ဘူမိဗေဒမဟုတ်တဲ့ ကျောင်းသားအချို့ရောက်လာပြီး ဆရာ့ လက်ချာကို လာ နားထောင်တာ ကျနော်မြင်လိုက်ရတဲ့အခါ ဆရာ့အတွက် ကျနော်စိုးရိမ်သွားမိတယ်။
ကျနော့်ဆရာ… ဘာမှ မဖြစ်စေချင်ဘူး… မဆိုင်သူတွေလည်း ကျောင်းထဲ၊ အတန်းတွေထဲ၊အခန်းတွေထဲကို ရောက်မနေ စေချင်ဘူး။ ဒါဟာ… ဖြူလွှတဲ့ ကျနော်တို့ စေတနာရင်းပါ။ ဒီကိစ္စကို ဆရာ့ကို ကျနော် ပြောမယ် ပြောမှ ဖြစ်မယ်။
တိုက်ဆိုင်ချင်တော့ နေ့လယ်ခင်းတခု၊ အရှည်ကြီးဆိုင် (တောင်ငူဆောင်ကန်တင်း) မှာ ၀ိုင်းဖွဲ့ကြတုန်း ဟိုဘက်ဝိုင်းမှာ ဆရာဖေ တယောက်တည်း ထိုင်နေတဲ့အချိန် ကျနော် ထပြီး ဆရာ့ခုံဆီ ကပ်သွားတယ်။
ကျန်ခဲ့တဲ့ သူငယ်ချင်းတွေ အံ့သြပြီး ကြည့်နေကြတယ်။ ဆရာဦးဖေမောင်သန်း ဆိုရင် ကျောင်းသားအားလုံးက ချစ် ကြောင်ရိုသေပြီး မျက်နှာချင်းဆိုင်မိတာနဲ့ ခေါင်းငုံနေကြချိန်မှာ ဆရာ့စားပွဲဆီ ကျနော် ထသွားတော့ ဘာဖြစ်တော့မလဲ ဆရာများ ဒီကောင့်ကို ဟောက်လွှတ်လိုက်မလားဆိုပြီး စိတ်ဝင်တစား စောင့်ကြည့်နေကြပုံရပါတယ်။
ဆရာ ကျနော့်ကို ထိုင်ခွင့်ပြုပါ… နောက်ဆုံးနှစ်က ဆရာ့ကျောင်းသားပါလို့ မိတ်ဆက်လိုက်တော့ အေး.. ထိုင်လို့ အေး စက်စက်လေသံနဲ့ ကျနော့်ကို ပြန်ပြောတာ မှတ်မှတ်ရရပါပဲ။ ဒါနဲ့ ကျနော် ပြောချင်တာတွေ၊ ကျနော်ထင်တာတွေ ဆရာ့ ကို ပြောပြလိုက်တယ်။ ဆရာ့အချိန်မှာ ဘူမိဗေဒမဟုတ်တဲ့ ကျောင်းသားတွေ ဆရာ့လက်ချာတွေကို လာနားထောင်တာ တွေ့ရတယ်။ ဒါဟာ.. မဖြစ်သင့်ဘူးပေါ့…။
ကျနော့် အမြင်… သူတို့ဟာ ထောက်လှန်းရေးတွေ ဖြစ်လိမ့်မယ်.. ဘာညာနဲ့ ကျနော်ပြောပြီးတဲ့ အခါ ဆရာ ဘာပြန်ပြော မလဲလို့ နားစွင့်နေမိတယ်။
ငါ မကြောက်ဘူး… ဘယ်သူမှ ငါ ဂရုမစိုက်ဘူး… မှန်တယ်ထင်တာ ငါ ပြောတာ…ဆိုပြီး ခပ်ထန်ထန် ပြန်ပြောတဲ့အခါ ကျနော်လည်း ကုပ်ကုပ်ငုံ့ငုံ့နဲ့ ဒီဘက်ဝိုင်းဆီ ရွေ့လာခဲ့ရတယ်။ ဆရာ.. ထမင်းဆက်စားတယ်၊ လက်ဘက်ရည် ဆက် သောက်တယ်။ ဆရာ… တခုခုကို တွေးနေမလားဆိုပြီး ကျနော် တွေးနေမိပါတယ်။ သူငယ်ချင်းတွေက ကျနော့်ကို အံ့သြ နေကြတယ်။
နောက်တခါ ဆရာ့အချိန်မှာ ကျနော်တို့လည်း ရင်တထိတ်ထိတ်နဲ့ပေါ့။ ဒီကိစ္စကို ဆရာ ဘာများ ပြောဆိုလိမ့်မလဲလို့ ရင် တထိတ်ထိတ်ပေါ့။ “ဒီအခန်းထဲမှာ ရှိတဲ့ ကျောင်းသားတွေဟာ တတိယနှစ် ဘူမိဗေဒဘာသာရပ်ကို တတ်မြောက်အောင် မြင်ပြီး စတုတ္ထနှစ်အရည်အချင်းပြည့်တဲ့ ကျောင်းသားတွေသာ တက်ရောက် ပညာသင်ကြားနိုင်တာ ဖြစ်တဲ့အတွက် မ သက်ဆိုင်သူတွေ ဒီအခန်းထဲ ရောက်ရှိနေတာကို ခွင့်မပြုနိုင်ပါဘူး” လို့ စာသင်ကြားမှု မစတင်မီ ဆရာဖေ ပြောချလိုက် တဲ့ စကားသံကို ယနေ့ ထက်တိုင် ကျနော့်နားထဲက မထွက်နိုင်တော့ပါဘူး။
အခုတော့ဖြင့်… ဆရာဖေ ဆုံးပြီတဲ့….။ ဆရာဖေ… မရှိတော့ဘူးတဲ့။
ဆရာဆိုတာ ဆရာပီရမယ်လေ…။
ကျောင်းသားဆိုတာလည်း… ကျောင်းသားပီပီ မြည်နိုင်ရမယ်။
၈၈ ခုနှစ်တုန်းက ဆရာတွေနဲ့ ၈၈ ခုနှစ်တုန်းက ကျောင်းသားတွေဟာ ကျနော့်အဖို့ “စံ” ပြုသူတွေပါ။
(ဒေါက်တာဖေမောင်သန်း ကွယ်လွန်ခြင်းအတွက် တပည့်ဆိုး၏ အမှတ်တရ )
အောင်မျိုးထွန်း
၂၂- ၁၁- ၂၀၁၁

No comments:

Post a Comment